ယင်းမာပင်မြို့၌ ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ယင်းမာပင် မေ ၂၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့တွင်လည်း မေလ ၂၅ ရက်နံနက် ၈ နာရီမှစ၍ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအပ်နှံရေးစတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ (၂၅) ရက်မှ မေလ (၃၁) ရက် နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ဟာ ကလေးငယ်တွေရဲ့ ပညာရေးအဆင့်အတန်းအပေါ်မှာ အများကြီးမူတည်နေတဲ့ အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)