ပုသိမ် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၉၁) ဦး အတွက် ဆန်၊ ဆီများ တတ်နိုင်သမျှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအား မိမိတို့ဒေသများတွင် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အရာထမ်းများအနေဖြင့်လည်း မိမိဝန်ထမ်းများအား အမြဲမပြတ်ထိတွေ့၍ ထိန်းကြောင်းကြတ်မတ်ရန်လိုပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြသွားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားပြီး ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း(၉၁)ဦးအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများ၏ အကြံဉာဏ်ကို ရယူခြင်းဖြစ်ပါကြောင်း၊ အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသများ၏ အောင်မြင်မှုများကို လူငယ်များအနေဖြင့် ယနေ့အချိန်ထိ ဂုဏ်ယူ အားကျနေရပါကြောင်း၊ နိုင်ငံတစ်ခု၏ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်မှုသည် ဘောလုံး အားကစားနည်းပေါ်တွင်လည်း များစွာမူတည်နေပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပလျက်ရှိသကဲ့သို့ လိဂ်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပတော့မည်ဖြစ်ပါကြောင်း၊ အားကစားသိပ္ပံကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများ မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပါကြာင်းနှင့် တိုင်းဒေသကြီး၏ ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း” ပြောကြားသည်။
ထို့နောက်အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားကြီးများဖြစ်ကြသည့် ဦးတင်အောင် (ဂိုး)နှင့် ဦးအေးမောင်ကြီးတို့က ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှုများနှင့် အစည်းအဝေးတက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားကြီးနှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)