ပေါင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပေါင် ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်‌နေ့နံနက်ပိုင်းက ကတွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်လတ် က ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာ၀န်ရှိသူများမှ အသေးစိတ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

ကျေးလက်နေပြည်သူများ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်၍ ပြည်သူ လူထုများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အထောက် အကူပြု ကူညီ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြင့် ပေါင်မြို့ နယ်အတွင်းရှိ ကျေးရွာ(၈)ရွာအတွက် စုစုပေါင်း ငွေကျပ်သိန်း ၈၀၀ ဖြင့် စီမံကိန်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရ သည်။

အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန်း (ပြန်/ဆက်)