ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၃၃၇ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ  ၁၃၃၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နေကြာ ၁၃၃၇ ဧက  စိုက်ပျိုးရန်လျာထားပြီး   သတ်မှတ်စိုက်ဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရန် ဇွန်လမှစတင်၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နေကြာ ၁၃၃၇ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ နေကြာ စိုက်ပျိုးမှုနဲ့ပတ်သက်ပြီး လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းတွေတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်ပေးသွားပါမယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်တွင် နေကြာစိုက်ပျိုးတောင်သူများကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်အောင်၊ ပိုးမွှားရောဂါကင်းရှင်းအောင်စတဲ့ တောင်သူအသိပညာပေးခြင်းများကို စနစ်တကျ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေကြာကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ သီးနှံဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာသီးနှံကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)