ငဖဲ မေ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ကျောင်းတွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားတွင် ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကိုစိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပေးခဲ့သည်။
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားရှိကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်လက်ခံရေးများ အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပညာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်ခန်းများပြင်ဆင်ခြင်း၊ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)