ဝိုင်းမော် မေ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ ရွှေနဒီခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (PUBLIC TALK) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ အားဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများအား ဖော်ဆောင်ပေးရန်နှင့် ပြည်သူလူထု၏ စဉ်စားတွေးခေါ်မှုများမြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် PUBLIC TALK ကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ကျော်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းနိုင်ဦး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းထွန်းနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)