ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် မြို့နယ်လုံးကျွတ်ဆောင်ရွက်

ကျောင်းကုန်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၏ ခရီးစဉ်လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တို့မှ အိမ်ခြေပေါင်း (၃၀၁၉) အိမ်တို့တွင် ပိုးလောက်လန်းစစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်သူများ ပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်