ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး မေ ၂၆

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက နိုင်ငံသားများရဲ့ပညာရေးနဲ့ကျန်းမာရေးအဆင့်အတန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့အတွက် ကျန်းမာရေးအဆင့်အတန်းမြင့်မားပြီး ဗလငါးတန်နှင့်ပြည့်ဝသော ကျောင်းသားလူငယ်များ ဖြစ်ထွန်းလာစေရေး၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များနဲ့ပတ်သက်သည့် အသိပညာဗဟုသုတများ ပြည်သူလူထုအတွင်း တိုးပွားလာစေရေး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးစေရေးနဲ့ သန့်ရှင်းသောကျောင်းပတ်ဝန်းကျင်ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူမှုစွမ်းရည်မြင့်မားရေးကိုရည်ရွယ်ပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာနနှင့် လက်တွဲပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံများ တက်ရောက်ကြပြီး မေလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိဖွင့်လှစ်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျောင်းကျန်းမာရေးတာဝန်ခံတို့နှင့်အတူ မျက်စိစမ်းသပ်စစ်ဆေးခြင်းအား ပဲခူးဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးတို့မှ သင်ကြားပေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)