နောင်ချို မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ် (မြို့နယ်အဆင့် ဆင့်ပွား)သင်တန်းဆင်းပွဲကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်အေးအေးသင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဆရာကြီး ဦးကျော်မင်းနောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ နောင်ချိုမြို့နယ် ပညာရေးမှူးနှင့် ဒုတိယမြို့နယ် ပညာရေးမှူးတို့မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၁၉၁)ဦး၊ သင်တန်းနည်းပြ (၈)ဦးဖြင့် မေလ ၁၄ ရက်နေ့မှ မေလ ၂၄ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)