ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား မေ ၂၆

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံမှုအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘောဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ယနေ့ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကြောင့် သဘာဝဘေးအန္တရာယ်ကို မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကြိုတင် ခန့်မှန်း၍မရသော သဘာဝဘေးတစ်မျိုးဖြစ်သည့် ငလျင်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့သည့်အခါ ကြိုတင်ပြင်ဆင်မှုများနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများအားကောင်းရန်အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာခဲ့ပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး ယခုလိုကြိုတင်ပြင်ဆင်စုဖွဲ့ဆောင်ရွက် ထားခြင်းအားဖြင့် အလျင်အမြန်ပူးပေါင်းဆောင်ရွက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြရန်နှင့် ပြည်သူလူထု၏ အသက် အိုးအိမ်ပစ္စည်းများကို ဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများက တပ်မတော်သားများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဖွင့်လှစ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို တက်ရောက်ပြီးစီးခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်များဖြင့် စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီးနှင့် ယာဉ်၊ ယန္တရားနှင့် လှေများ၊ မြေပြင်/ ရေပြင် ရှာဖွေ ကယ်ဆယ်ရေး ခေတ်မီလုပ်ငန်းသုံး ကိရိယာပစ္စည်းများ၊ ဆေးဝါးများ အသင့်ပြင်ဆင် စုဖွဲ့ဆောင်ရွက် ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ငလျင်များနှင့် နေထိုင်ခြင်း အသိပညာပေးစာအုပ်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကမနောကွင်းအတွင်း ငလျင်ဘေးကျရောက်လာမှုကြောင့် အဆောက် အအုံ ပြိုကျပျက်စီးမှုအပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်း ကိရိယာများ၊ ယာဉ်၊  ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြသမှုကို  ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား အားပေးအမှာစကားပြောကြားကာ အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ Now Education Private School အဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး စာသင်ဆောင်သစ်ကို သိက္ခာတော်ရဆရာများ၊ ကျောင်းတာဝန်ခံများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)