တပ်ကုန်း မေ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများအား နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ ယမန်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများ အောင်ဇေယျရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ ကျောင်းလာရောက်အပ်နှံမှုအခြေအနေများ ကြည့်ရှုအားပေးပြီး၊ နိုင်ငံတော်က ထောက်ပံ့သည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကျောင်းအ တွင်း၊အပြင် သန့်ရှင်းဆောင်ရွက်ရေး၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ လက်များကို စင်ကြယ်အောင် ဆေးကြောစေရေး၊ ကျောင်းစာကြည့်တိုက်များ စာအုပ်၊ စာစောင်များ ပြည့်စုံရေး ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်း တက်ရောက်နေသော သင်တန်းသား ဆရာ၊ ဆရာမ ၁၂၄ ဦး၊ နည်းပြဆရာ၊ ဆရာမ ၉ဦးတို့အား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်