ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၂၆

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်(၃) (Yangon Region Hluttaw Capacity Building Programme -3) ဖြင့် စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Media Corner ၌ ယမန်​နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့မှ စာရင်းအင်းပညာရှင်များနှင့် ဌာနအကြီးအမှူးများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက သင်တန်းဆိုင်ရာလမ်းညွှန်ချက်များအား ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၉ ရက် (၃)ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့် (ပြန်/ဆက်)