သီပေါ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ "(၂၀၁၈−၂၀၃၀) ခုနှစ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး" ရည်မှန်းချက်အတွက် ရပ်ကွက်၊ ကျေးရွာနှင့် ဘုန်းကြီးကျောင်းများရှိ အိမ်မွေးခွေးများကို ယနေ့နံနက်ပိုင်းက ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့)စတင် ထိုးနှံပေးလျက်ရှိရာ ခွေးအကောင်ရေ စုစုပေါင်း (၁၀၀)ကောင်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြူဦးက အိမ်မွေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး လာရောက်ထိုးနှံပေးကြသည့် ပြည်သူများအား ခွေးရူးရောဂါ ကူးစက်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်ခွေး၊ ကြောင်နှင့်လူအပါအဝင် ရောဂါ ကူးစက်ပြီး (၂၄)နာရီ အချိန်အတွင်း ကာကွယ်ဆေးကို အချိန်မီ မထိုးပေးနိုင်ပါက ရောဂါကြောင့် (၁၀၀%) အသက် သေဆုံး နိုင်ကြောင်း၊ ရောဂါဖြစ်နေသော ခွေးမှတစ်ဆင့် လူကိုကူးစက်မှုအများဆုံး ဖြစ်ပွားနေပါကြောင်း၊ ထို့ကြောင့် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် အိမ်မွေးခွေးများအား ခွေးရူးရောဂါ ကင်းစင်ပပျောက်စေရန် ရည်ရွယ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါ ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခွေးရူးရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် ခွေးရူးရောဂါ ကာကွယ်ရေး သိကောင်းစရာများ၊ သတိထား သိရှိလိုက်နာရမည့် အချက်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)