မိုးကောင်းမြို့၌ ၂၀၂၆-၂ဝ၂၆၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုးကောင်း မေ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က (၁) ကျောင်း မဥ္ဇူသကခန်းမ၌ မေလ(၂၅)ရက် နံနက် (၉) နာရီတွင် ကျင်းပသည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်းသား"တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟ‌ဇော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိန်လွင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ပြောကြားသည်။

ထို့နောက် ပညာရေးဌာနမှထောက်ပံ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများကိုပေးအပ်ခဲ့သည်။

မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀) ၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်း (၆) ကျောင်းရှိပြီး အထက်တန်းအဆင့် (၉၉) ဦး၊ အလယ်တန်းအဆင့် (၃၁၀) ဦး၊ မူလတန်းအဆင့် (၁၃၅၃) ဦးတို့သည် သက်ဆိုင်ရာ ကျောင်းအသီးသီးတို့၌ မေလ (၂၅) ရက်နေ့တွင် အပ်နှံထားပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)