ကျိုက်ထို မေ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၅)ရက်မှစတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။
“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ်ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိကြသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလ မေလ(၂၅)ရက်မှဇွန်လ(၁)ရက်အထိ KG မှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)