မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိရာ တာ၀န်ရှိသူများကွင်းဆင်းကြည့်ရှု အားပေး

မြောက်ဥက္ကလာပ မေ ၂၅

ရန်ကုန်တိုင်း‌‌ဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများတွင် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ်၊  ကျောင်းအပ် လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်အပ်နှံလျက်ရှိကြသည်။

ထိုသို့ ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့၀င်များက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးပြီး  ကျောင်းအုပ်ဆရာမကြီးက ကျောင်းအပ်လက်ခံနေမှု  အခြေအနေများအား လိုက်လံရှင်းလင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြသခဲ့ပြီး နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးအပ်သာ သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်အလိုက် ဖတ်စာအုပ် ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်း ၆၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး သင်ကျောင်း ၁၀ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းရှိရာ ယနေ့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ် လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အတွင်း စာရင်းရှိကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၄၃၃၈၇  ဦးရှိကြောင်းသိရပြီး ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာ အတန်းနှင့် ဘာသာရပ်အလိုက် ဖတ်စာအုပ် ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံတို့အား ကျောင်းသား တစ်ဦးချင်းစီအလိုက် ကျောင်းအပ်နှံစဉ် တစ်ပါတည်း ထောက်ပံ့ပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)