ကျောက်မဲမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ကျောက်မဲ မေ ၂6

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၃) ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း (အထက - ၁) သီရိရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောက်မဲခရိုင်ပညာရေးမှူးရုံးမှ တာဝန်ခံခရိုင်ပညာရေးမှူး ဆရာကြီးဦးစန်းဝင်းက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဌေးက လမ်းညွှန်အမှာစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား မူလတန်းကျောင်းအုပ်ကြီး ဦးစစိုးပိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက အဆိုအကများဖြင့် ကပြဖျော်ဖြေကြရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် "သင်ထောက်ကူပြခန်း" သို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် နည်းပြများက အခြေခံပညာရေးဥပဒေများ၊ ECCD မူဝါဒနှင့် သင်ကြားနည်းစနစ်များ၊ ကလေးစိတ်ပညာနှင့် မိဘရပ်ရွာပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ဘာသာရပ် ၁၁ ခုကို မေလ ၁၄ ရက်နေ့မှစတင်ကာ ၁၀ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ မူလတန်းကျောင်း ၉၃ ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၁၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်