မော်လမြိုင် မေ ၂၆
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) (၅/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။
ရှေးဦးစွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသားများအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ မကြာမီကာလအတွင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များ၊ မြက်များ၊ ချုံနွယ်များ စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန်၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးနှင့် ခုံများအား ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဖြူဇရပ်မြို့နယ် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၇)စက်မှုကုန်ကြမ်းဌာန၊ ခရမ့်ရော်ဘာစက်ရုံ(သံဖြူဇရပ်)သို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် စက်ရုံမှူး ဦးခင်မောင်ဝင်းက စက်ရုံလည်ပတ်မှုအခြေအနေနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ ခရမ့်ရော်ဘာကုန်ချောထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်နှင့် စက်စွမ်းအားအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ခရမ့်ရော်ဘာစက်ရုံလည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှု၊ သုံးစွဲမှုအခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း (၅) သိန်းကျော်စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ရော်ဘာအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သောစီးပွားရေးအခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန၊ ခရမ့်ရော်ဘာစက်ရုံလည်ပတ်မှုအခြေအနေနှင့် ပြည်ပတင်ပို့ကုန်ရော်ဘာထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က စက်ရုံလည်ပတ်မှုနှင့် ရော်ဘာကုန်ချော အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုးမှုအခြေအနေတို့အား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)