သာကေတ မေ ၂၆
သာကေတမြို့နယ် စာရေးဆရာအသင်း သင်းလုံးကျွတ်နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ပွဲကို မေ ၂၄ ရက်နေ့နံနက် ၉ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ သာကေတမြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သဘာပတိ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်သူ (မြေလတ်မြတ်သူ)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ အမျိုးသားစာပေတစ်သက်တာဆုရ အလင်္ကာကျော်စွာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က မုဒိတာစကားပြောကြားကာ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူကြို့ပင်ကောက်)က ရွေးချယ်တင်မြောက်ပွဲနှင့်ပတ်သက်၍ အချက်အလက်များကို ပြောကြားခဲ့သည်။ ယင်းနောက် ကွယ်လွန်သွားကြသည့် စာရေးဆရာ/ စာရေးဆရာမများအတွက် ဝမ်းနည်းကြောင်း နှစ်မိနစ်ငြိမ်သက်သည်။ ဆက်လက်၍ ၂၀၂၅ - ၂၀၂၆ ခုနှစ် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဒေါ်ခင်မိုးလွင် (စိန်မေရီလွင်မိုး) ကလည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းကို ဦးရဲဝင်း (မောင်သာထွေးမြစ်ဝကျွန်းပေါ်)ကလည်းကောင်း ဖတ်ကြားကာ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့က သဘာပတိရှေ့မှောက်တွင် နုတ်ထွက်ကြောင်းကြေညာခဲ့သည်။
ဒုတိယပိုင်းအစီအစဥ်အရ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်အဖွဲ့ သဘာပတိဦးမောင်လှိုင် (ကာတွန်းရွှေမင်းသား၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလာဘ်လင်းနှင့် ဒေါ်ဇာဇာချစ်ဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ရှေ့မှောက်တွင် ၂၀၂၆/ ၂၀၃၀ ခုနှစ် အမှုဆောင်များကို ရွေးချယ်ခဲ့ကြကာ အမှုဆောင်အသစ်များက သဘာပတိရှေ့မှောက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ကတိသစ္စာကို ခံယူခဲ့ကြသည်။ သာကေတမြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်မတီ (၂၀၂၆ - ၂၀၃၀) တွင် ဥက္ကဋ္ဌ ဦးမြတ်သူ (မြေလတ်မြတ်သူ)၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင် (အောင်အောင် Lucky Home)၊ အတွင်းရေးမှူး ဦးအေးသောင် (မောင်ညီဦး က.စ.လ)၊ ဘဏ္ဍာရေးမှူး ဦးကျော်သောင်း (ကေတီကျော်သောင်း)၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မိုးလွင် (စိန်မေရီလွင်မိုး) အမှုဆောင်ဒေါ်ခင်ဝင်းကြည် (ဝင်းလတ်ဖြူ)တို့နှင့် ညီလာခံကိုယ်စားလှယ်အဖြစ် ဦးအောင်အောင် (အောင်အောင် Lucky Home)နှင့် ဦးကျော်သောင်း (ကေတီကျော်သောင်း)တို့အား ရွေးချယ်ခဲ့ကြသည်။ ထို့နောက် အမှုဆောင်အသစ်ဥက္ကဋ္ဌက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)