ဒဂုံ(ဆိပ်ကမ်း) မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထအကြိမ်ညီလာခံသက်တမ်းအတွက် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ အချိန်က အမှတ်(၉၂)ရပ်ကွက်၊ ပိတောက်လမ်းရှိ ငြိမ်းချမ်းစိမ်းလန်း စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
ဦးစွာ အမှုဆောင်ဥက္ကဋ္ဌ စာရေးဆရာချစ်မုန်းငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာမ မိလူသွေးက တတိယအကြိမ် အသင်းသက်တမ်းတွင် အသင်း၏ ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဖိုးရာဇာ(မအူပင်)က ဘဏ္ဍာရေးအစီရင်ခံစာအား ရှင်းလင်းပြောကြားကာ အမှုဆောင်အဖွဲ့အဟောင်းများ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ အမှုဆောင်သစ်ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင် တက္ကသိုလ်ဆန်းတင့်နိုင်က ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများအား ပြောကြားပြီး အလုပ် အမှုဆောင်သစ်များရွေးချယ်ပွဲကို ကျင်းပရာ အဆိုပြုသူ ၆ ဦးအား မဲပေးဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စာရေးဆရာအသင်း စတုတ္ထအကြိမ် အလုပ်အမှုဆောင်သစ်များစာရင်းအား ကြေညာပေးခဲ့ပြီး အသင်းရန်ပုံငွေအဖြစ် ငွေကျပ် ၁ သိန်းအား လှူဒါန်းခဲ့သည်။ ဆက်လက်၍ အမှုဆောင်အဖွဲ့ဝင်သစ် ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး ပြောကြားခဲ့သည်။
ဖြိုးစန္ဒာကျော် - ဒဂုံမြို့သစ်(ဆိပ်ကမ်း)