လားရှိုး မေ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပရာ ဘင်ခရာအဖွဲ့ကျောင်းသား ကျောင်းသူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများအား အလေးပြု၍ ကြိုဆိုခဲ့သည်။
ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အခမ်းအနားအား ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများက “တိုင်းနိုင်ငံအားလုံးကျောင်းအပ်ကြစို့ကွယ်” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိဘပြည်သူများသို့ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ရှမ်းမြောက် လားရှိုးမှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျောင်းအပ်နှံရေးအတွက် အလှူငွေ စုစုပေါင်း ငွေကျပ် ၁၅ သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ရာ ပြည်နယ်ပညာရေးမှူးကလည်းကောင်း၊ ကျောင်းသားကျောင်းသူများအား အခမဲ့ပေးအပ်နိုင်ရေး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များအား ပေးအပ်ခဲ့ရာ ခရိုင်ပညာရေးမှူးက လည်းကောင်း လက်ခံရယူခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌက ကျောင်းဝတ်စုံများ၊ ဘောပင်များနှင့် ခဲတံများအား ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးကလည်းကောင်း အသီးသီး လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားအား ဆရာဆရာမများက “တို့ကျောင်းတော်သီချင်း” သီဆို၍ အခမ်းအနားအား ပြီးမြောက်ခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)