ဒဂုံဝောာင် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲအခမ်းအနားနှင့် မြို့နယ်ဂုဏ်ဆောင်လူရည်ချွန်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်စမ်းဌေးက ဆရာ၊ဆရာမများအနေဖြင့် အနာဂတ်ခေါင်းဆောင်များကို မွေးဖွားပေးသူဖြစ်ကြောင်း၊ ဗိသုကာပညာရှင်များအဖြစ် တင်စားဂုဏ်ပြုပါကြောင်း မိမိတို့ရင်၌ဖြစ်သော သား၊သမီးများကဲ့သို့ နွေနွေးထွေးထွေးပြုစုပေးလိုကြောင်း အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးဆရာကြီးဦးငွေသူရက ဆရာ/ဆရာမသည် ပညာရေး၏ဆောင်ပုဒ်ဖြစ်သော စိတ်ဓာတ်ကောင်း၊စည်းကမ်းကောင်း၊ စေတနာကောင်းများထားရှိကာ ဆောင်ရွက်မှသာ နိုင်ငံ့သားကောင်း၊ ကမ္ဘာ့သားကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ဆရာ၊ဆရာမများအနေဖြင့် သင်တန်းမှသင်ကြားပေးသော သင်ခန်းစာများသည် လက်တွေ့နယ်ပယ်အတွက် ကလေးပြုစုပျိုးထောင်ရာတွင် ကောင်းမွန်ထိရောက်သော အကြောင်းအရာများဖြစ်ပါသဖြင့် ကလေးငယ်များအား စိတ်ချင်းထပ်ကာ ငယ်ရွယ်စဉ်မှစတင်သော ဝါသနာများသိရှိအောင် ဆောင်ရွက်ကြပြီး အားပေးကူညီပေးစေလိုကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဆွေဆွေငြိမ်းက ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ တက်ရောက်ကြသော ဆရာ၊ဆရာမ သင်တန်းသား၊သင်တန်းသူများအားလုံး ကျေးဇူးတင်အသိအမှတ် ပြုပါကြောင်းနှင့် သင်ခန်းစာများကို မိမိတို့၏ကျောင်းသား၊ကျောင်းသူများနှင့်အတူ မေတ္တာစေတနာ အရင်းခံဖြင့် နွေးထွေးစွာ သင်ကြားပေးရန်ပြောကြားလိုပါကြောင်းစသဖြင့် ပြောကြားသည်။
ဆက်လက်၍ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်(၄)ဦးအား ဂုဏ်ပြုခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ပြီးနောက် သင်တန်းသား၊သင်တန်းသူများက သင်ခန်းစာများအား လက်တွေ့သရုပ်ပြသရာတွင် ချစ်ခြင်းမေတ္တာ၊ ဖယောင်တိုင်မီး၊ တောင်ယာဝင်ချိန်၊ သင်္ကြန်မိုး စသောသီချင်းကဗျာများကို သီဆိုသရုပ်ပြသကြကြောင်း သိရှိရသည်။
နေမျိုးအောင်-ဒဂုံတောင်(ပြန်/ဆက်)