သထုံ မေ ၂၆
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ နေမိန္ဒရဘုရားလမ်းရှိ ပဉ္စဂီရိချမ်းမြေ့စည်လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းတိုက်ဝင်းအတွင်း၌ အသစ်တည်ဆောက်ပြီးစီးသည့် ပဉ္စမာလီ(၃)ထပ်ကျောင်းဆောင်တော်ကြီး ကျောင်းလွှတ်ပူဇာရေစက်ချမင်္ဂလာအခမ်းအနားကို မေလ ၂၄ ရက်နံနက်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် တက်ရောက်လာသူတို့က သထုံမြို့ ဘုရားငါးဆူတောင်ဝေဘူကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ(ဘုန်းဘုန်းလေး)ထံမှ သီလခံယူဆောက်တည်ခြင်း၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တသုမနာဘိဝံသထံမှ ဩဝါဒစကားများနာကြားခြင်း၊ ပဉ္စဂီရိချမ်းမြေ့စည်လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး သဒ္ဓမ္မဇောတိကဓဇ ဆရာလေးငယ် ဒေါ်ဣန္ဒစာရီက ကျောင်းဆောင်တော်ကြီးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်တို့က ဆရာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးတို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုတို့အတွက် အနုမောဒနာတရားများနာယူကာ ရေစက်သွန်းချအမျှဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)