ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ချမ်းအေးသာစံ မေ ၂၅

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသိပညာဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ မေ ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

ဆွေးနွေးပွဲအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့မှ Inperson/ Online စနစ်ဖြင့် မေ ၂၅ ရက်မှ ၂၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့်တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးတို့က အဆောက်အဦဆိုင်ရာ ငွေလုံးငွေရင်း/တည်ဆောက်ရေးလုပ်ငန်းများစိစစ်ခြင်း၊ လမ်းဦးစီ၏ဌာန၏ သိမှတ်ဖွယ်ရာများနှင့် တံတားဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တံတားအကြောင်းသိကောင်းစရာများစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ၁၄ ခုနှင့် နေပြည်တော် စာရင်းစစ်ချုပ်ရုံးတို့မှ ၁,၂၁၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)