ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၉
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက် ၊ အကွက်အမှတ် ညည(၄)၊ မင်းကြီးရန်နောင် လမ်းနှင့် ၅၉ (အေ) လမ်းထောင့်ရှိ ခေါင်ရည်ဆိုင်တစ်ဆိုင်တွင် ရေခဲသေတ္တာအား မီးဖွင့်ထားပြီး အိပ်ပျော်သွားရာမှ ရေခဲသေတ္တာမီးဖြတ်စက် အပူလွန်ကဲ၍ ယနေ့နံနက် ၃ နာရီ ၅ မိနစ်အချိန်က မီးစတင်လောင်ကျွမ်းရာ နေအိမ်(၅)လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၇)စီး၊ သန္ဓေမီးသတ်(၂၅)ဦး၊ အရန် မီးသတ် (၃၅) ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၃ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ခေါင်ရည်ဆိုင် မြေစိုက်တစ်ထပ်ထရံကာ သွပ်မိုး(၁)လုံးနှင့် ကပ်လျက်ရှိသော မြေစိုက်ထရံကာသွပ်မိုးနေအိမ်(၄)လုံး စုစုပေါင်းနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင် လောင်ကျွမ်းသော ခေါင်ရည်ဆိုင်တာဝန်ခံ မနှင်းစံပယ်ဦးအား ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)