ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများစည်ကားလျက်ရှိ

ချမ်းအေးသာစံ မေ ၂၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံရေးလှုပ်ရှားမှုများကို ယနေ့မေ ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ယနေ့နံနက်ရှစ်နာရီမှ စတင်ကာ ကျောင်းအပ်နှံမှုအခြေအနေများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးကာလကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်ဦးဆောင်မှုဖြင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၆၄၅၀ တက်ရောက်ပညာသင်ကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)