မြင်းခြံတက္ကသိုလ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

မြင်းခြံ မေ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့ကြသည်။

"ကျွန်တော်တို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်းအပြင် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် အခမဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကတော့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ပထမအကြိမ်ပြုလုပ်တဲ့ သင်တန်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း  အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက် အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။

တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဇီးယို၊ သင်္ဘောသီးယို၊ သရက်သီး ချို/စပ် ယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို၊ အာလူးကြော်၊ စာလေးခွေကြော်၊  ဆနွင်းမကင်းပြုလုပ်နည်း၊ ဇီးသီးအနှစ်ရည်၊ သံပရာသီးအနှစ်ရည် ပြုလုပ်နည်းများအပြင် စားသောက်ကုန်လုပ်ငန်းသုံး တာရှည်ခံဓာတုပစ္စည်းများအကြောင်း ကိုလည်း ရှင်းပြပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းသား/ သင်တန်းသူ (၂၀) တက်​ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

ချစ်ဦးနွေ(မြင်းခြံ)