သာစည် မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား/သူများအတွက် အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူမော်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်သည်။ ၎င်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ပညာဗိမ္မာန်သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေပြီး သီချင်း များဖြင့်ဖျော်ဖြေကြသော အထက(၁)နှင့် (၂)တို့မှ ကျောင်းသား/သူလေးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)