ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိ

ပုသိမ်ကြီး မေ ၂၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ အားလုံးကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင် ဆောင်ရွက်ပေးနေပြီ‌ဖြစ်‌ကြောင်း သိရသည်။

 ပုသိမ်ကြီးမြို့နယ်၌ အခြေခံပညာကျောင်း (ထက်/လယ်/မူ) စုစုပေါင်း ၁၁၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း  ၁၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၅ ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်ကို ယနေ့ မေ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

 ထိုသို့ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင်  မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခင်နှင့် ဒုတိယမြို့နယ် ပညာရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိ‌ပြီး ကျောင်းသား/ကျောင်းသူများအတွက် အတန်းအလိုက် သတ်မှတ်ထားသည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင်၊ KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မေဝတီ ( ပုသိမ်ကြီး)