မြစ်သား မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ ပြီးမြောက်မှု အခမ်းအနားကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ သင်ကြားခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)