ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ကျောက်ဆည် မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက  အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် မြို့မ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ရာတွင် အတန်းစဉ်အလိုက် ကျောင်းသား/ ကျောင်းသူများ၏ အတန်းတက်လက်မှတ်၊ ကျောင်းပြောင်းလက်မှတ်များ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများ အပါအဝင် မည်သည့်အခကြေးငွေ ကိုမျှ လုံဝပေးဆောင်စရာ မလိုကြောင်းနှင့် သူငယ်တန်း (KG) သင်ရိုးသစ်အတန်းတွင် တက်ရောက် ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်သူများအား သင်္ချာအခြေခံ၊ ပုံဆွဲခြင်းနှင့်ဆေးချယ်ခြင်း၊ သင်ယူမှုရလဒ်မှတ်တမ်း၊ ဗျည်းအက္ခရာ၊ ကိန်းဂဏန်းတွေ အရေးကျင့်ကြမယ်စာအုပ်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် ပထမတန်း(Grade-1)မှ ပဉ္စမတန်း(Grade-5) အတန်းများတွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံ၊ ဆဌမတန်း(Grade-6)မှ ဒွါဒသမတန်း(Grade-12)အတန်းများတွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်သူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်းတို့အား ထောက်ပံ့ပေးမည်ဖြစ်ပြီး  ကျောင်းအပ်နှံရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်နေ့မှ ဇွန်၁ ရက်နေ့ အထိ  ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)