ချမ်းအေးသာစံ မေ ၂၅
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်း ကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ အလှူရှင် ဦးထွန်းထွန်းစိုးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးများမှ လက်ခံရယူကြသည်။ ထို့နောက် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက “ပညာသင်သာ ရတနာ” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက “မိုးဦးအလှစိမ်းစိုမြ” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)