ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးသည့် အခမ်းအနားတက်ရောက်

စစ်တွေ     မေ  ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း အခမ်းအနား တက်ရောက်ကြပြီး (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပို့စတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ပေးခြင်း အခမ်းအနားတက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံပွဲ တစ်နည်းအားဖြင့် ဧပြီ ၁၀ ရက်က ပြုလုပ်သည့် ကထိသစ္စာပြုပွဲတွင် MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး မိမိဒေသထွက်ကုန်များကို အခြေခံသည့် MSME လုပ်ငန်းများထုတ်လုပ်မှု တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်အကျိုးအမြတ်ရရှိရေး ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်းနှင့် MSME လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်ထားသည့်အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဆက်စပ်ဌာနများထဲမှ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့က MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်တကျ လည်ပတ်ထုတ်လုပ်နိုင်ရေးဆိုင်ရာအချက်အလက်များကို ဆွေးနွေးပေးသွားမည်ဖြစ်သကဲ့သို့ လိုင်စင်၊ မှတ်ပုံတင်များ အလွယ်တကူရရှိစေရေးအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိစေမည်ဖြစ်ပြီး ဆွေးနွေးပွဲကရရှိသော အသိပညာဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေးစသည့် MSME လုပ်ငန်းရှင်များအတွက် အကျိုးရှိသည့်အချက်များကို သိရှိမှတ်သားဆောင်ရွက်ပြီး MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်များပေးအပ်ပြီး ခန်းမအတွင်း ဌာနဆိုင်ရာများက လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြကာ တက်ရောက်လာကြသည့်  အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွ့ဆုံနှုတ်ဆက်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများက ကျောင်းလာရောက် အပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်သည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးသို့သွားရောက်ပြီး ရက်(၁၀၀)စီမံချက်ဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံခန့်ခွဲမှုအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)  ဓာတ်ပုံ- ဝင်းမင်းစိုး