မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

မချမ်းဘော မေ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပသည်။

ဦးစွာမချမ်းဘောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတူးဂျာက နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးလက်မြို့ပြမခွဲခြားဘဲ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက်ဒေသဖွံဖြိုးရေးသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေး ပါသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် မိမိဒေသရပ်ရွာတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က ယခုလိုမိမိတို့ဌာနမှ စကားဝိုင်းများ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အစိုးရတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ အကြား မိမိတို့ရပ်ရွာဒေသအတွင်း ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို တိုင်ပင်ဆွေးနွေး နိုင်စေရန်နှင့် ပြည်သူများ၏စဥ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွားရဲ့ဆဲ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးငွားခီဆာတို့က လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များ၊ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ မေးမြန်ချက်များကိုလည်း အစိုးရနှင့် ပြည်သူအကြားပေါင်းကူးတံတားသဖွယ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြိုင်၊မြို့နယ်သမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုံငိုင်ထင်လတ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနော်ဒင့်၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာန ကျန်းမာရေးမှူး ဦးအောင်မင်းဦးတို့က အစိုးရသစ် ရက် (၁၀၀) စီမံချက်ကာလအတွင်း သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများသိရှိနိုင်ရေး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ 

အခမ်းအနားသို့ နန်ခမ်ကျေးရွာမှ ဒေသခံပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးဆိုင်ရာများ၊ ကျန်းမာရေး၊ ကျေးလက်ကုန်ထုတ်လမ်းရရှိရေး၊ စိုက်ပျိုးရေးအဆင်ပြေချောမွေ့စေရေး လက်တွန်းထွန်စက်များ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်ရေးတို့ကို မေးမြန်းဆွေးနွေးခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ