ညောင်ရွှေ မေ ၂၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် မိဘပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရုံးကြီးလမ်းနှင့် မိုင်းလီချောင်းရိုးလမ်းဆုံ၌ ကျင်းပခဲ့သည်။
မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတက်ရောက်ခဲ့ပြီး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ဖျန်းပက်ပေးခဲ့သည်။
အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာတွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုသည့်ဆောင်ပုဒ်ဖြင့် အသိပညာပေးနှိုးဆော်ထားပြီး ၂၀၂၆ ခုနှစ် မေလ (၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်သတ်မှတ်ကာ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်