သင်္ဃန်းကျွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်အရ လွှတ်တော်ကိုယ်စားလှယ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

သင်္ဃန်းကျွန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်အရ ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ဦးစွာ သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး (တာဝန်) ဦးမောင်ငွေသိန်းက မိတ်ဆက်စကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက အဖွင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်က ပညာရေးကဏ္ဍမြှင့်တင်ရန် သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များ၊ အလယ်တန်းပညာရေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဘာသာရပ်များအပြင် ပြည်သူ့နီတိနှင့်စာရိတ္တပညာရပ်များ စသည်တို့အား အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းတွင် လိုအပ်သည့်ကိစ္စ ပြင်/ထိန်းနှင့် အခြားကိစ္စရပ်များအား တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍လည်းကောင်း၊ စာဖြင့်လည်းကောင်း ရင်းနှီးပွင့်လင်းစွာတင်ပြကြရန်ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက အလှည့်ကျဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇူလိုင်မိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)