တောင်ကြီးမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲ ပြုလုပ်

တောင်ကြီး မေ ၂၅

တောင်ကြီးမြို့နယ် စာရေးဆရာအသင်းအလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲပြုကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲတွင် တောင်ကြီးမြို့နယ် စာရေးဆရာအသင်း၊ လက်ရှိဥက္ကဋ္ဌဆရာ မောင်ခွန်နွယ်(အင်းလေး)က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ရွေးချယ်တင်မြောက်ရေးကော်မရှင်ကို အဖွဲ့ဝင်(၃)ဦးနှင့် ဖွဲ့စည်းထားကြောင်း ကြေညာသည်။ ဆက်လက်၍ စာရေးဆရာမ ခင်(တောင်ကြီး)က ကော်မရှင်အဖွဲ့ဝင်များနှင့်တက်ရောက်လာသည့် အသင်းဝင်စာရေးဆရာများ၏ ကလောင်အမည်များနှင့်တကွ မိတ်ဆက်ပေးခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် အသင်းဝင်များ၏ လျှို့ဝှက်မဲပေးမှုအရ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် စာရေးဆရာမ ခင်(တောင်ကြီး)ကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူအဖြစ် ကောင်းမြင့်မြတ်စိန်၊ အတွင်းရေးမှူးအဖြစ် အောင်ဆန်းဝင်း၊ အဖွဲ့ဝင် (၁)ငွေခြည်လင်းလက်၊ အဖွဲ့ဝင်(၂)စည်သာ (တောင်ကြီး)တို့ကို ရွေးချယ်ခဲ့ကြသည်။ ထို့နောက် ဥက္ကဋ္ဌအသစ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်းဝင်များနှင့်တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ စုပေါင်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)