တာလေမြို့၌ ဆောင်းသီးနှံရာသီစာ ဖရဲစိုက်ပျိုးသည့်တောင်သူများ ဖရဲသီး ဈေးကောင်းရရှိရန် မျှော်လင့်

တာလေ  ဇန်နဝါရီ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု တာလေ-ကျိုင်းလပ်သွား လမ်းဘေးဝဲယာရှိ ဝိန်းလန်း-လန့်တောင်း ကျေးရွာတို့တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံ ရာသီစာဖရဲခင်းများ ယခုနှစ်တွင်  အောင်မြင်ဖြစ်ထွန်းမှု အားနည်းနေပြီး ယခုအခါ ဇန်နဝါရီလကုန်ပိုင်းတွင် ဖရဲသီးများ စတင်ထွက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တပိုင်တနိုင် ဖရဲစိုက်ပျိုးသူတောင်သူများထံမှ ယမန်နေ့က သိရသည်။

“ယခင်နှစ်က မိုးကောင်းခဲ့ပြီး ရာသီဥတုကောင်းမွန်မှုကြောင့် စိုက်ခင်းများ ဖြစ်ထွန်းမှု အားကောင်းခဲ့သလို ဖရဲသီးများလည်း အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်၊ စိုက်ခင်းများကိုတော့ မိုးစပါးရိတ်သိမ်းချိန်အပြီး လယ်ကွက်ထဲမှာ ဘောင်စနစ်နဲ့ ရေလောင်းစိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီးအသီးပေါ်ချိန်အထိ ရက်ပေါင်း(၁၀၀) အချိန်ယူရပါတယ်။ စိုက်ပျိုးစရိတ် ရင်းနှီးငွေကတော့ တစ်ဧက ထိုင်းဘတ်ငွေ (၈)ထောင်ရှိပြီး အမြတ်ငွေက (၃၀၀၀၀)ဘတ်အထိ ရရှိခဲ့ပါတယ်။

“မနှစ်က ဖရဲစိုက်တောင်သူတွေ ရာသီဥတုကောင်းပြီး မိုးလည်းကောင်းတော့ အပင်တွေအတော် အောင်မြင်တယ်၊ အသီးတွေလည်း‌ ‌အောင်မြင်ဖြစ်ထွန်းတယ်၊ ဈေးကောင်းလည်းရောင်းချရလို့ ဖရဲစိုက်တောင်သူတွေ ဝင်ငွေရရှိပြီးအဆင်ပြေကြတယ်။ ဒီနှစ်က ရာသီဥတုမကောင်းဘူး၊ မိုးလည်းမကောင်း၊ စိုက်ခင်းအတွင်းအပင်တွေကို ပိုးမွှားကျရောက်ခြင်းများလည်းရှိခဲ့လို့ အပင်တွေဖြစ်ထွန်းမှု အားနည်းတယ်၊ အသီးတွေ အောင်မြင်ဖြစ်ထွန်းမှုလည်း နည်းတယ်။ ယခုအခါ ဇန်နဝါရီလကုန်ပိုင်း အသီးတွေထွက်ချိန်မှာ ဈေးကောင်းရောင်းချရဖို့  မျော်လင့်ပါတယ်” ဟု  လန့်တောင်းကျေးရွာမှ ဖရဲစိုက်ပျိုးသည့်တောင်သူ ဦးစိုင်းမောင် က ပြောသည်။

တာလေမြို့အတွင်း ထွက်ရှိသည့် ဖရဲသီးများကို ယခင်နှစ်များက တာချီလိတ်-မိုင်းဖြတ်မြို့များသို့ တင်ပို့ရောင်းချကြပြီး ယခုနှစ်တွင် ဖရဲသီးအောင်မြင်ဖြစ်ထွန်းမှုအားနည်းသဖြင့် ဒေသတွင်းစားသုံးသူများကိုသာ အဓိကထားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် ဆောင်းသီးနှံအဖြစ် ဖရဲသီးများအပြင် ပဲတီစိမ်း၊ ပဲပုတ်၊ ကုလားပဲ၊ မြေပဲ၊  ပြောင်းစသည့် သီးနှံမျိုးစုံနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဖရဲသီးစိုက်ဧကမှာ ၁၀ ဧကခန့်သာရှိကြောင်း ဖရဲစိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)