စဉ့်ကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်  

စဉ့်ကူး မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားရာ ယနေ့နံနက် (၉:၀၀) နာရီမှစ၍  စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံရာသို့ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့က လာရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျောင်းများတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (၁)စုံ၊ ဗလာစာအုပ် (၁)ဒါဇင်နှင့်မူလတန်းအဆင့်အတွက် ကျောင်း၀တ်စုံနှင့် ခဲတံ (၄)ချောင်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့်အတွက် ခဲတံ (၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ တို့ကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)