စဉ့်ကိုင် မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး(စဉ့်ကိုင်တွဲ) မြို့နယ်သစ်တောဦးစီးဌာနမှူး ရုံးမှ ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုမြူငွေ့ လျှော့ချရေး၊ ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို မေ ၂၄ ရက်နေ့ နံနက် ၇ နာရီက ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ထန်းသုံးပင်ကျေးရွာရှိ အမက (ထန်းသုံးပင်) ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ (မြို့နယ်တာဝန်ခံ) တောအုပ် ဦးတင့်လွင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီးမှုကြောင့် ခံစားနေရသော ဆိုးကျိုးများ၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးကို ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းရေး၊ ရေသယံဇာတများ ထိန်းသိမ်းရေး၏ အရေးပါမှုများကို ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် တောအုပ် ဦးကျော်မင်းက သစ်ပင်သစ်တောများဖြင့် အိမ်ခြံဝင်းနှင့် ရပ်ကွက်ကျေးရွာများ၊ လမ်းများမှသည် မြို့ပြများအထိ သစ်တောဖုံးလွှမ်းမှုများ တိုးပွားလာစေရေးနှင့် သစ်ပင်ပန်းမန်များကို အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပြီး တောအုပ် ဦးဆွေဦးမှ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိအမြင်များ၊ တောမီးကာကွယ်ရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ မိမိတို့ကျေးရွာနှင့် ပတ်ဝန်းကျင်ကို မမျှော်လင့်သော မီးဘေးအန္တာရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အတွက် ကြိုတင်ပြင်ဆင်မှုများ၊ လက်တွေ့ကြုံလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဟောပြောကာ ကျေးရွာသူ/ကျေးရွာသားများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရသည်။
ကျော်စွာ(စဉ့်ကိုင်)