မိုင်းခတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံတိုးတက်စိုက်ပျိုးရေးအတွက် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မိုင်းခတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ပါဆံကျဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာမိုင်းခတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးရဲမင်းလှက မျိုးစေ့များပေးအပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားကာ မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးယုမောင်က သဘာဝမြေဩဇာအသုံးပြုပုံနှင့် မီးခိုးမြူငွေ့လျော့ချရေးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော တောင်သူများက မိမိတို့သိရှိလိုသည့် စိုက်ပျိုးရေးနည်းများနှင့် အခက်အခဲများအားတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းပေးပြီး တောင်သူ (၃၅) ဦးတို့အား စပါးမျိုးစေ့ထုတ်များနှင့် မြေပဲမျိုးစေ့ထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းနွယ်နီ(ပြန်/ဆက်)