ချမ်းအေးသာစံ မေ ၂၄
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ ဗလငါးတန် ပြည်စုံစေရန်နှင့် အနာဂတ်ကာလတွင် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
စွမ်းရည်မြှင့်တင်ပြိုင်ပွဲများတွင် “စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ သင်္ချာဥာဏ်စမ်းပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ၊ ပုံဆက်ဆွဲပြိုင်ပွဲ၊ ပုံတူရွေးချယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ” ထည့်သွင်းကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိသူများအား ကျောင်းသုံးစာရေးကိရိယာများ ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတများ တိုးတက်စေရန် စာအုပ်စာပေများ ငှားရမ်းပေးခြင်း၊ သတင်းမှန်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်း၊ လူငယ်ရေးရာ၊ လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်းများကို စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)