မြစ်သား မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး၊ ရေချွေတာရေးနှင့် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်းမပြုရန် အသိပညာပေးဟောပြောခြင်းကို မေ ၂၃ ရက် ၁၀ နာရီအချိန်က အင်းရင်းကျေးရွာအုပ်စု၊ အင်ရင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးရဲသီဟက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဟောပြောရာတွင်သစ်တောသစ်ပင်များမှရရှိသည့် အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးနှင့် သစ်တောစိုက်ခင်းများအား မီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်အလက်များ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ဗဟုသုတများ၊ ရေချွေတာသုံးစွဲရေးနှင့် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ၊ သစ်ပင်များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ သစ်ပင်စိုက် ပျိုးခြင်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့်ဒေသခံများမှ သိလိုသည်များကိုမေးမြန်းခဲ့ရာ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးရဲသီဟနှင့်ဝန်ထမ်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)