ပုဗ္ဗသီရိမြို့နယ်၌ တောင်သူများအား မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်   

ပုဗ္ဗသီရိ မေ ၂၄

နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲနှင့် အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊  အေးမြင့်သာယာကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာနေပြည်‌တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးထိန်လင်းဟန်က တောင်သူများအား မိုးစပါးနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းစိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရှိရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး၊ အဓိက သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပျိုးပင်းများကိုလည်း ကျေးလက်နေ ပြည်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးတတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လတ်ဆတ်၍ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရန်ရည်ရွယ်၍ ယခုလိုပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်‌တော်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာအေးက သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်အမြဩဇာ လျှော့ချသုံးစွဲ နိုင်သောနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ခရမ်းပျိုးပင်၊ ငရုပ်ပျိုးပင်းများနှင့် ‌သဘာဝမြေဩဇာများကို  ဒုတိယတိုင်းဦးစီးမှူး ဦးထိန်လင်းဟန်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ အေးမြင့်သာယာ ကျေးရွာရှိ တောင်‌‌သူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)