မိုင်းပျဉ်းမြို့နယ်ရှိ ဒေသအကျိုးပြု ရေသွယ်မြောင်းရေတိုက်စားမှု ပြင်ဆင်ဆောင်ရွက်

မိုင်းပျဉ်း မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဒေသအကျိုးပြု  ရေသွယ်မြောင်းရေတိုက်စားမှု ပြင်‌ဆင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့ မွန်းလွဲပိုင်းက နမ့်အန်ချောင်းနေရာ၌ ဆောင်ရွက်သည်။

မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ယမ်းကွင်းလယ်မြေ၌ မိုင်းပျဉ်းမြို့ အနောက်ဘက် နမ့်အန်ချောင်းမှ လယ်မြေဧက (၄၆.၆၅) ဧကအတွင်းသို့ ရေပေးဝေလျက်ရှိသော ရေသွယ်မြောင်းသည် နမ့်ပိန်းချောင်း၏ ရေတိုက်စားမှုကြောင့် ရေမြောင်းပြိုကျမည့် အခြေအနေကို လယ်သမား(၃၀)ဦးတို့က သံတိုင်များ သံဆူးကြိုးများချည်နှောင်ခြင်း၊ ရေတိုက်စားမှုဒဏ်ခံနိုင်ရေးအတွက် ဘက်ဖိုးစက်ဖြင့် ချောင်းရေဖြောင့်ခြင်းနှင့် သစ်ငုတ်စိုက်ခြင်းတို့ဖြင့် ယာယီရေတားခြင်းလုပ်ငန်းအား အင်တိုက်အားတိုက်စုပေါင်း ဆောင်ရွက်ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမိုးကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးထက်တို့က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်အကြုံပြုမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေသွယ်မြောင်းရေတိုက်စားမှု ပြင်ဆင်နိုင်ရေးအတွက် လယ်သမားများ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေကျပ် (၂၃၃၂၅၀၀/-) ဖြင့် လယ်သမား(၃၀)ဦးတို့က လုပ်အား ပါဝင်အားဖြည့်ကာ ယာယီရေတားခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ နှောင်နှစ်များတွင် ပိုမိုခိုင်ခန့်သော ကျောက်စီကွန်ကရစ် ရေတားခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်ဆက်)