မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

မိတ္ထီလာ မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦစီးအရာရှိနှင့် သောက်ရေသန့်လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းက သောက်ရေသန့်လုပ်ငန်းရှင်များအား တရားဝင်လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထားသောလိုင်စင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြု ထားသောလိုင်စင်များ သက်တမ်းကုန်ဆုံးနေပါက သက်ဆိုင်ရာဌာနများတွင် အမြန်ဆုံးသက်တမ်းတိုးဆောင်ရွက်ကြရန်၊ တရားမဝင်လိုင်စင်ခွင့်ပြုချက် လျှောက်ထားဆဲလုပ်ငန်းများမှ ခွင့်ပြုချက်မရမီ ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုရန်၊ တရားဝင်လိုင်စင်ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးယဉ်မောင်ဦးက  သောက်ရေသန့်သည် လူတို့၏ကျန်းမာရေးတွင် အရေးပါသော အစားအသောက်တစ်ခုဖြစ်ကြောင်း၊ ရေနှင့်ဆီကိုထိန်းချုပ်အစားအသောက်အဖြစ် ထုတ်ပြန်ထားကြောင်း၊ တရားဝင်လိုင်စင်မရှိဘဲ ထုတ်လုပ် ရောင်းချခြင်း၊ သက်တမ်းကုန်ဆုံးနေပြီး ထုတ်လုပ်ရောင်းချခြင်းများ စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများ အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ဌာနမှ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ညွှန့်က စည်ပင်လုပ်ငန်း လိုင်စင်သက်တမ်းမှာ ()နှစ်ဖြစ်၍ နှစ်စဉ်မှန်မှန်သက်တမ်းတိုးဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော သောက်ရေသန့်လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့ရာ  တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)