ဇမ္ဗူသီရိမြို့နယ်၌ စိုက်ပျိုးစရိတ်နှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေး

ဇမ္ဗူသီရိ မေ ၂၄

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးလျက်ရှိသော ချေးငွေများနှင့် ယခုထပ်မံထုတ်ချေးမည့် လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ချေးရေးဆောင်ရွက်မည့် အစီအစဉ်အသစ်နှင့်ပတ်သက်၍ နေပြည်တော်ရှိ တောင်သူများအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ  Kubota-GBS ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော် တိုင်းမန်နေဂျာ ဒေါ်ယဉ်နွဲ့က တက်ရောက် လာသော တောင်သူများအား လယ်ယာလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီထုတ်ချေးပေးလျက်ရှိပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ချေးရေး ဆောင်ရွက်မည့် အစီအစဉ်အသစ်အနေဖြင့် တောင်သူလယ်သမားများနှင့် လယ်ယာထုတ်ကုန်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာချေးငွေများကို ငွေကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ၊ ကျပ်သိန်း ၅၀၁ မှ ၁၀၀၀အထိ၊ ကျပ်သိန်း ၁၀၀၁ မှ ၃၀၀၀ အထိနှင့် ကျပ်သိန်း ၃၀၀၁  မှ ၅၀၀၀ အထိစသည်ဖြင့် ကဏ္ဍအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စားသုံးသူရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းထွန်းမှအစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ သမဝါယမဦးစီးဌာန  တိုင်းဦးစီးမှူး ဒေါ်စုယဉ်မြင့်မှ လယ်ယာသုံး စက်ကိရိယာချေးငွေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်သူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ နေပြည်တော်တိုင်းမန်နေဂျာ၊ တိုင်းဦးစီးမှူးများနှင့် Kubota-GBS တာဝန်ခံဝန်ထမ်းများမှ အသီးသီးပြန်လည် ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)