တောင်ကြီး မေ ၂၄
ရှမ်းပြည်နယ်အတွင်း ကရာတေးဒိုအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်ပြန့်ပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြို့နယ်အလိုက် လူရွေးပြိုင်ပွဲနှင့် သက်ငယ်တန်းကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကာရာတေးဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြို့နယ်အလိုက် လူရွေးချယ်နေမှုနှင့် သက်တန်းအလိုက်အလှပြပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး သက်တန်းအလိုက် ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် အားကစားသမားများကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာရာတေးဒိုပြိုင်ပွဲ မြို့နယ်အလိုက် လူရွေးပြိုင်ပွဲကို(၂၂.၅.၂၀၂၆)ရက်နေ့မှ (၂၃.၅.၂၀၂၆)ရက်နေ့အထိ ရှမ်းပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် အားကစားသမားများအနေဖြင့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကာရာတေးဒိုပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားများအဖြစ် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် (၁၅.၇.၂၀၂၆)ရက်နေ့မှ (၁၇.၇.၂၀၂၆)ရက်နေ့ထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)