ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်‌ ဒေသခံကော်မတီ အဖွဲ့ဝင်များက တနိုင်းမြို့နယ် ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း

တနိုင်း မေ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာသိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် အဆက်မပြတ် ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် ယမန်နေ့တို့က တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်း သားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းပွဲများတွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင် ဦးအလေးပါးက အမှာစကားများပြောကြားခဲ့ပြီး ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်လ၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက် များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်များ၏ တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုအပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှု ကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာ ဆိုင်ရာ အားသာချက်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများတွင် လူထုသိလိုသည့် အမေးအများ ဆုံး မေးခွန်းများကို ပါဝါပွိုင့်များဖြင့် ချပြရှင်းလင်းခဲ့ကြသည်။

ထို့နောက်ဒေသခံများက စီမံကိန်းနှင့်စပ်လျဉ်း၍ သိလိုသည်များ၊ စိုးရိမ်ပူပန်မှုများနှင့် အကျိုးခံစားခွင့်ဆိုင်ရာများကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ချပြရှင်းလင်းဆွေးနွေးပွဲများတွင် တနိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ဂျိမ်းဖော့၊ ရဝမ်၊ လီဆူ၊ ဗမာ၊ နာဂ၊ ရခိုင် စသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)