ဟိုလွိုင်ကျေးရွာတွင် နည်းပညာအစည်းအဝေးနှင့် လုပ်ငန်းဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး

မောက်မယ်  ဇန်နဝါရီ  ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စုသို့ လူထုဗဟိုပြု စီမံကိန်း(တတိယ)နှစ်စက်၀န်းအတွက် နည်းပညာအစည်းအဝေးနှင့် လုပ်ငန်းဆောင်ရွက်မည့်မြေ နေရာအား ယမန်နေ့ နေ့လည်ပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြံပေးအဖွဲ့မှ ကျား−မရေးရာတာဝန်ခံ ဦးမိုင်းဉာဏ်လင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ကျလက်ထောက်နည်းပညာမှူးနှင့် စည်းရုံးရေးမှူးတို့မှ ဟိုလွိုင်ကျေးရွာအုပ်စု မိုက်ညိုကျေးရွာနှင့် ကုန်းလိုင်ကျေးရွာတို့မှ ကျေးရွာခန်းမဆောင်နှင့် အုတ်စီရေမြောင်းလုပ်ငန်းဆောင်ရွက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာပိုင်မြေ မှန်ကန်မှုရှိ/မရှိ၊ တစ်ဦးတစ်ယောက်ပိုင်ဆိုင်မှုဖြစ်ပါက မြေယာလှူဒါန်းမှုပုံစံဖြင့် ပြုလုပ်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ချိန်တွင်လည်း ကျေးရွာရှိအမျိုးသမီးများကိုပါ လက်တွဲခေါ်ယူပြီး ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့သည်။ 

ဟိုလွိုင်ကျေးရွာအုပ်စုသည် ကျေးရွာပေါင်း (၁၆)ရွာရှိပြီး လူထုဗဟိုပြုစီမံကိန်း (တတိယ) နှစ်စက်၀န်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သိန်း(၇၅၀)ဖြင့်် ကျေးရွာပေါင်း(၁၀)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)